Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၈)

A+ A-

ရွာအဝင်လမ်းကို ကားဘီးတလိမ့်လိမ့်ဝင်လာပြီဆိုကတည်းက ပစ်တိုင်းထောင်ရဲ့ရင်ခွင်အစုံကလည်း တငြိမ့်ငြိမ့်နဲ့ခုန်လာသည်။ ကိုကိုကြီးကိုတောင်းပန်တဲ့ခရီးက မထင်မှတ်ပဲ တစ်ပတ်ဆယ်ရက်ခန့်ကြာသွားခဲ့သည်မို့ လွမ်းဆွတ်မှုပမာဏက တိုင်းတာ၍ပင်မရနိုင်။

တစ်ဖက်သတ်အချစ်ထုံးထားရတဲ့ အချစ်ဆုံးကလေးကို လွမ်းရသလို မည်းမည်းတုံးတုံးနဲ့ လုံးလုံးလေးဖြစ်နေကြသည့် သမီးကညှာနှစ်ပါးကိုလည်း တမ်းတရသည်။ တပည့်ကျော်ခွေးပုကိုလည်း ရံဖန်ရံခါတော့အမှတ်ရမိပါသည်။ ပြောရမယ်ဆိုရင် ရွာရောက်ပြီးကတည်းက ရွှေဒင်္ဂါးနဲ့ အခုလောက်ထိကြာကြာမခွဲဖူးခဲ့။

” ကိုကိုကြီး နည်းနည်းမြန်မြန်မောင်းလို့မရဘူးလား ”

အထွန့်တက်ကာ လျှာရှည်မိတော့ ကိုကိုကြီးက နောက်ကြည့်မှန်ကနေတစ်ဆင့် မျက်ထောင့်နီနဲ့လှမ်းကြည့်သည်မို့ ပြန်ငြိမ်လိုက်ရသည်။

” အဟင်း.. လွမ်းနေတာကို သိပါတယ် မောင်ငယ်ရယ်… ရှေ့တစ်ကွေ့ဆို ရောက်ပြီပဲကို… မောင်ငယ့်က ဒင်္ဂါးလေးကို အရမ်းတွေ့ချင်နေပြီလား. ဟုတ်လား ”

သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့အကြည့်တိုက်ပွဲကို မမကြီးက လေပြေအေးလေးနဲ့ ဝင်ဖြေလာသည်။

” မတွေ့ရတာ တစ်ပတ်ဆယ်ရက်တောင်ရှိနေပြီလေ မမကြီးကလည်း… ကျွန်တော် တယ်လီဖုန်းဆက်တော့လည်း အင်း အဲ နဲ့ သုံးခွန်းပြည့်အောင်မှ မပြောတဲ့ဟာကို ”

ပစ်တိုင်းထောင် ကားနောက်ခန်းမှာထိုင်ပြီး မချိတင်ကဲနဲ့ရေရွတ်မိသည်။ ကိုကိုကြီးကတော့ မျက်မှောင်ကြီးကြုတ်လျက် ခေါင်းတခါခါနဲ့သာ ခရီးဆက်သည်။

ဝုတ်~ ဝုတ်~

ကားခေါင်းက သူကြီးတို့ခြံထဲချိုးလိုက်သည်နှင့် သမီးကညှာနှစ်ပါး၏ ဆီးကြိုသံကအတိုင်းသားမို့ ပစ်တိုင်းထောင်မျက်နှာထက်မှာ အပြုံးကြီးကြီးဖြစ်ထွန်းလာသည်။

” ဟေး… ဖေ့သမီးတို့… ဖေ့ကိုလွမ်းနေကြတာလား… ဟုတ်လား ”

ကားပေါ်ကဆင်းတာနဲ့ သမီးနှစ်ယောက်က အလုအယက်နဲ့တိုးဝှေ့ပြီး ကိုယ်ပေါ်ခုန်တက်သူကတက်၊ ပုဆိုးစကိုကိုက်ဆွဲသူကဆွဲမို့ ပစ်တိုင်းထောင်တစ်ယောက် ခြံရှေ့မှာတင် သမီးနှစ်ယောက်နဲ့ ဒူဝေဝေဖြစ်နေသည်။

” မြို့အုပ်မင်း ကြွပါဗျာ့… မင်းကတော်လေးလည်း ကြွပါ ”

မြို့အုပ်မင်းတို့ကားသံကြားကတည်းက အဘကအိမ်အောက်ထပ်ဆင်းပြီးစောင့်နေသည်။ ငွေမှုန်ကလည်း လက်ဖက်အုပ်နဲ့ ရေနွေးဗန်းလေးကိုင်လို့ အိမ်ရှေ့ကွပ်ပျစ်ကို ထွက်လာသည်။

” သူကြီးရေ… ကျွန်တော်တို့တော့ နောက်တစ်ခါရောက်လာပြန်ပြီဗျာ ”

မြို့အုပ်မင်းနဲ့ အဘက ပြောပြောဆိုဆိုနဲ့ အရှေ့ကသွားလေတော့ ငွေမှုန်ကလည်း ဗန်းကလေးကိုင်လို့ အနောက်ကလိုက်ရသည်။

” ငွေမှုန်လေး… မမကြီးရဲ့ညီမလေးက ပိုလှလာပါ့လား ”

” မင်းကတော်လေးက ပိုလှတာပေါ့ရှင် ”

” အမျိုးတွေဖြစ်တော့မှာပဲကို. ခုထိ မင်းကတော်လေးလို့ခေါ်တုန်းပဲလား ညီမလေးရဲ့… မမကြီးလို့ပဲခေါ်လို့ပြောထားတာကို ”

ငွေမှုန့်အနားကပ်လို့ စကားတိုးတိုးဆိုလာတဲ့မင်းကတော်လေးကြောင့် ငွေမှုန်ပြုံးမိသည်။ မြို့အုပ်မင်းကတော်ဖြစ်ထိုက်ပါဘိ။ ရှေးဘုရင်မင်းများလက်ထက်က ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတဲ့မိန်းမသားများအတိုင်းပင်။

” ဟုတ်. ဟုတ်ကဲ့ပါ မမကြီး ”

” ဒင်္ဂါးလေးရော မတွေ့ပါလား ”

” အငယ်က ကိုမင်းမျိုးဆီကို ထမင်းသွားပို့တယ် မမကြီး… မောင်ငယ်ခွေးပုရော အတူပါသွားတာရယ် ”

” အော်. ဟုတ်သလား… ငါ့ညီမက သွားမပို့ပေဘူးလား ”

” ရှင်… မပို့. မပို့ပါဘူး ”

မမကြီးက ငွေမှုန့်ကိုကြည့်ကာ ခပ်ပြုံးပြုံးဆိုလေတော့ ငွေမှုန့်ရင်ထဲထိတ်ခနဲဖြစ်ကာ စကားပင်ထစ်သွားသည်။

” မရှက်ပါနဲ့ ညီမငယ်ရဲ့… မောင်မင်းမျိုးနဲ့ တယ်လီဖုန်းခဏခဏပြောဖြစ်တယ်လေ… နောက်များကျမှ ငွေမှုန်လေးနဲ့ တစ်ရက်အေးဆေးပြောပါဦးမယ် ”

” ဟုတ်.. ဟုတ်.. အဲ မဟုတ်. အို.. မမကြီးကလည်း ”

ရှက်ရဲရဲမျက်နှာလေးနဲ့ ဘာပြောရမှန်းမသိဖြစ်နေတဲ့ငွေမှုန်လေးကို လက်ဆွဲလို့ ခင်ခင် အပြုံးနဲ့သာ အိမ်ထဲဝင်လာတော့သည်။

” ဒီညီအစ်မတွေ ဘာတွေသဘောကျလာလဲ ”

” ခင်ခင်တို့မိန်းမသားချင်းကိစ္စမို့ မပြောပြနိုင်ပါဘူးရှင်… နော့် ငွေမှုန်လေး ”

မြို့အုပ်မင်းက ငွေမှုန်တို့ကိုကြည့်ပြီး စကားဆိုလေတော့ မမကြီးက ငွေမှုန့်ကို စစ်ကူခေါ်ကာပြောသည်မို့ ငွေမှုန် အယောင်ယောင်အမှားမှားနဲ့ ခေါင်းညိတ်ပြမိသည်။

” အား.. ကောင်းလိုက်တဲ့လက်ဖက်လေး.. အစ်မငွေမှုန်လက်ရာကို လွမ်းနေတာဗျာ… ညနေကျရင် ချဥ်ပေါင်နဲ့ငါးဟင်းချက်ကျွေးဦး ”

” ပစ်တိုင်းထောင်! ” ” မောင်ငယ် ”

ဇိုးဇိုးဇက်ဇက်နဲ့ရောက်လာပြီး လက်ဖက်အုပ်ကိုဖွင့်စားနေတဲ့ ညီဖြစ်သူကို ကျော်ကျော်ဟန်ရော ခင်ခင်ပါ ပြိုင်တူတားမိသည်။ ဒီကလေးကတော့ တကယ်ပါပဲ။

” ဘာလို့လဲ ”

” ဟေ့ကောင်. မင်းလုပ်ပြန်ပြီလား ”

” ရပါတယ် မြို့အုပ်မင်းရယ်… သူငယ်လေးက လုံမလေးလက်ရာဆို အားရပါးရစားပေးတတ်တာမို့ ကျုပ်တို့ကလည်း ဝမ်းသာရပါတယ် “

ပြေလည်တာသိပ်မကြာသေးတဲ့ ညီအစ်ကိုနှစ်ယောက် ထပ်ပြီးအချင်းများမှာစိုး၍ ဦးမင်းငွေ စကားဝင်ထိန်းရသည်။

” သူကြီးကို ကျွန်တော်ကပဲ ရှေ့မျက်နှာနောက်ထားပြီး တောင်းပန်ပါတယ်ဗျာ… ဒီကောင့်ကြောင့် သူကြီးတို့သားအဖတွေအပေါ်မှာ မျက်နှာပျက်ပေါင်းလည်း များနေပါပြီ ”

” မဟုတ်တာဗျာ… ဘယ်နှယ့်ကြောင့် မျက်နှာပျက်ရမှာလဲ… သူငယ်လေးက စိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူမို့ပါ… မှားသွားရင်တောင် ကျွန်တော်က ဗွေမယူပါဘူး “

သူကြီးက မတော်ရသေးတဲ့သမက်လောင်းဘက်က ကာနေသည်မို့ ကျော်ကျော်ဟန်လည်း ဘာမှဆက်မပြောတော့။ ပစ်တိုင်းထောင်မျက်နှာပေးကတော့ ကိုးခရိုင်အပိုင်စားရသည့် မြို့သူကြီးနှယ် ခပ်ဝင့်ဝင့်ရယ်။ 

” ဒါနဲ့ သူကြီး ရွှေဒင်း. အဟမ်း . အစ်ကိုရော “

ခေါ်နေကျအတိုင်း နှုတ်ကျိုးစွာ ရွှေဒင်္ဂါးလို့ခေါ်ရန်ပြင်တော့ ကိုကိုကြီးအပြင် မမကြီးကပါ ပစ်တိုင်းထောင်ဆီအကြည့်ရောက်လာတာကြောင့် နှုတ်ရှိန်သတ်ကာ ပြောင်းခေါ်လိုက်ရသည်။ ဒါကို အစ်မငွေမှုန်က ရိပ်မိတော့ ပြုံးစစမျက်နှာထားနဲ့ ခေါင်းငုံ့ရယ်ပြီး သူကြီးကတော့ သဘောတကျ ရယ်တော့သည်။   

” အေးကွဲ့.. မင့်အစ်ကိုက နယ်အုပ်လေးကို ထမင်းသွားပို့လေရဲ့… မောင်ခွေးပုတောင် ပါသွားသေးတယ်… အခုဆို ပြန်လာနေလောက်ရောပေါ့ “

” ဟမ်. ဟုတ်လား… ဒါဆို ကျွန်တော်လိုက်သွားဦးမယ် “

” အငယ်က ခဏနေပြန်ရောက်တော့မှာပဲကို… လိုက်မသွားပါနဲ့တော့လား မောင်ငယ်ရဲ့… မင်း အခုမှခရီးရောက်တာလေကွယ်… နားပါဦးလား “

ကွပ်ပျစ်အောက်အမြန်ဆင်းကာ ပုဆိုးပြင်ဝတ်ပြီး လိုက်ဖို့ပြင်နေတဲ့ပစ်တိုင်းထောင်ကို အစ်မငွေမှုန်ကတားလေသည်။  

” ဒီမှာထိုင်နေရင် လူပဲအမောပြေတာ အစ်မရဲ့… ကျွန်တော့်နှလုံးသားက အမောမပြေသေးဘူးဗျာ့… လိုက်သွားဦးမယ် “

” သမီးတို့နေခဲ့ဦး… မလိုက်ခဲ့နဲ့ “

ငွေမှုန်ကိုပြောပြီးတော့ ခြံအပြင်ကိုလျှောက်တော့ မိစွာနဲ့မိုက်မိုက်စန်းကလည်း အမြီးတနှံ့နှံ့နဲ့ လိုက်ဖို့ဟန်ပြင်သည်မို့ မောင်ငယ်က ခြံတံခါးအမြန်ပိတ်ပြီး နယ်အုပ်ရုံးဘက်ကို သုတ်ခြေတင်ပြေးတော့သည်။

” ကဲ . သူကြီးရေ အဲဒါသာကြည့်တော့… သူကြီးမျက်နှာပူပေမယ့်လည်း ကျွန်တော့်ညီအဖြစ်ကတော့ ဆေးမမှီတော့ဘူး “

မြို့အုပ်မင်းက မနိုင်ဟန်နဲ့ပြောနေပေမယ့် မကြည်ဖြူတဲ့အရိပ်အယောင်မဟုတ်သည်မို့ သားဖြစ်သူအတွက် ဦးမင်းငွေ ရင်အေးရပါသည်။ ဘာပဲဖြစ်ဖြစ် ကလေးတွေအဆင်ပြေဖို့က အဓိကပဲမဟုတ်လား။ 

>>>>>>>>>>

” ဟာ. ဆျာထောင် . ဘယ်တုန်းက “

” အစ်ကိုကလည်း ဘယ်တွေလျှောက်သွားနေတာလဲ… ကျွန်တော် ဒီနေ့ပြန်လာမယ်လို့ တယ်လီဖုန်းဆက်ထားတာကို အိမ်မှာမနေပဲနဲ့ “

နယ်အုပ်လေးကို ထမင်းချိုင့်ပို့ပြီးအမြန် ရွာလယ်လမ်းပေါ်မှာ အဆောင်းမပါ အကာမပါ ပုဆိုးတကားကားနဲ့ မြို့သားစတိုင်ဖြစ်နေတဲ့ဆရာသမားကိုတွေ့လိုက်ရတာကြောင့် ခွေးပုမှာ ဝမ်းသာအားရနှုတ်ဆက်လိုက်ပေမယ့် ဆရာသမားက သူ့ကိုရှိတယ်မထင်။ သူ့ဘေးက ကိုဒင်္ဂါးလက်ထဲက ထမင်းချိုင့်ကို လက်လွှဲယူရင်း ခပ်တိုးတိုးဆိုသည်ကြောင့် ခွေးပုမျက်ဆံလှန်မိတော့သည်။ ဆရာတပည့်သံယောဇဉ်ခိုင်မြဲချက်ကတော့ မျက်ရည်တဖြိုင်ဖြိုင်ကျလောက်ချင်စရာ။ 

” ဆျာထောင်… တပည့်ကျော် ဒီမှာရှိသေးတယ်နော် “

” ဝေးဝေးသွားနေစမ်းကွာ… မင့်အတွက် မမကြီးက ကောက်ညှင်းကျည်ထောက်ဝယ်လာတယ်… သွား မြန်မြန်ပြန်စားချည် “

” ဟာ. တကယ်လား… အဟမ်း . ဆျာထောင် တပည့်ကျော်နှင်လွှတ်နေမှန်းသိပါတယ်နော်… ကျွန်တော်က မင်းကတော်လေး မုန့်ဝယ်မလာလည်း အိမ်မြန်မြန်ပြန်မှာပါ… ဤမှန်သောသစ္စာစကားကြောင့် မယ်တင်ကလေးနဲ့ညာပြီး ကလေးသုံးယောက်ဖွားပါစေဗျာ “

” အော်. တယ် .ဒီမိချောင်းမသားရယ်… နားရင်းထအုပ်လိုက်ရ “

သွားစရာရှိတာကို မြန်မြန်မသွားပဲ အနူလက်နဲ့ ရွှေခွက်ကိုလှမ်းလှမ်းနှိုက်နေသည်မို့ ပစ်တိုင်းထောင်လက်က ဇက်ပိုးကိုရွယ်လိုက်တော့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးတော့သည်။ သူတို့ဆရာတပည့်နှစ်ယောက်ကိုကြည့်ပြီး ရယ်သံခပ်လွင်လွင်ထွက်လာသည်မို့ ပစ်တိုင်းထောင်စောင်းငဲ့ကြည့်တော့ ရွှေဒင်္ဂါးက နှစ်နှစ်ခြိုက်ခြိုက်ရယ်မောနေသည်။

” ဘာတွေသဘောကျနေတာလဲ “

” ကိုခွေးပုကို “

” ဟမ်! ဘာပြောလိုက်တာ “

” ကိုခွေးပုပြောသွားတာကို သဘောကျလို့ရယ်တာပါ. ပစ်တိုင်းထောင်ရဲ့ “

” ပြီးတာပဲ… သူ့အပြောကိုပဲ သဘောကျလို့ရမယ်နော်. လူကတော့ ကျွန်တော့်ကိုပဲ သဘောကျရမှာ “

ပစ်တိုင်းထောင်အပြောကိုယောင်ယမ်းပြီး ခေါင်းညိတ်မိတော့ 

” ဘာလဲ . ဒါက အဖြေပေးတာလား “

” ဟင်. မဟုတ်. မဟုတ်ပါဘူး “

ဒင်္ဂါးက ခေါင်းတခါခါနဲ့ငြင်းလေတော့ ပစ်တိုင်းထောင်က ခပ်တိုးတိုးရယ်သည်။ မတွေ့ရတဲ့ဆယ်ရက်အတွင်းမှာ ပစ်တိုင်းထောင်က ပိုကြည့်ကောင်းလာသလိုပင်။ ရွာမှာနေတော့ ဖြစ်သလိုနေတာမဟုတ်ပေမယ့် ရွှေလင်ဗန်းနဲ့အချင်းဆေးလာခဲ့တဲ့မြို့သားက သူ့အရပ်သူ့ဒေသမှာတော့ လူချောဆိုတာငြင်းလို့မရ။ 

” အစ်ကို “

ကြားနေကျမဟုတ်တဲ့အခေါ်အဝေါ်ကြောင့် ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို ပြန်မော့ကြည့်လာသည်။ ပစ်တိုင်းထောင်က ရွှေဒင်္ဂါးရဲ့မျက်ဝန်းတွေကို စူးစူးစိုက်စိုက်ပြန်ကြည့်မိတော့ မျက်နှာလေးရဲတက်လာပြီး တစ်ဖက်လှည့်သွားသည်။ ဒါက ရွှေဒင်္ဂါးရှက်သွားတာလား…။ 

” အစ်ကိုလို့ “

” ဟင်. ပြောလေ “

” ကိုကိုကြီးနဲ့ ကျွန်တော် အဆင်ပြေသွားပြီ “

” ဟင်. ဟုတ်လား… ညီအစ်ကိုတွေပြန်အဆင်ပြေသွားတာ မင်္ဂလာပဲပေါ့ “

” အင်း… ဒီထက်ပိုပြီးမင်္ဂလာရှိချင်တယ် “

” အဟမ်း!. နေလည်းမြင့်လာပြီ… ပစ်တိုင်းထောင်တို့လည်း နေ့လယ်စာမစားရသေးဘူးမလား… အိမ်မြန်မြန်ကြတာပေါ့ရယ် “

သိသိသာသာစကားလမ်းကြောင်းလွှဲသွားတဲ့ရွှေဒင်္ဂါးလေးကို ပစ်တိုင်းထောင် မျက်လုံးမှေးစင်းလို့ကြည့်လိုက်တယ်။ အခုက နေကျဲကျဲတောက်နေတဲ့ ရွာလယ်လမ်းမထက်မှာ နှစ်ယောက်တည်း လသာနေသလို။ 

” ရတယ်လေ… အစ်ကိုက အိမ်မြန်မြန်ပြန်ချင်တယ်ဆိုလည်း အိမ်ရောက်မှပဲ လူကြီးစုံရာရှေ့မှာဆက်ပြောကြတာပေါ့ “

” ဟင်. မဟုတ် . မဟုတ်သေးဘူးလေ “

” ဘာကိုမဟုတ်သေးတာလဲ… အစ်ကိုကချစ်သူမဟုတ်သေးတာလား “

” ပစ်တိုင်းထောင်ကလည်း လမ်းမကြီးမှာဘာတွေပြောနေတာလဲ “

” ဒါဆို ဘယ်နားသွားပြောကြမလဲ… ကောက်ရိုးပုံမှာလား… ဒါမှမဟုတ် ရွာထိပ်ကလက်ပံပင်အောက်မှာလား… ဒါမှမဟုတ် မညိုမြရဲ့ထန်းတောအနောက်ဘက်မှာလား “

မေတ္တာရှိကြောင်းဖွင့်ပြောပြီးကတည်းက ပစ်တိုင်းထောင်ကို သိသိသာသာရော မသိမသာပါရှောင်နေတဲ့တစ်ရွာသားလေးကို ဒီနေ့တော့အလွတ်ပေးဖို့စိတ်ကူးမရှိပါ။ မတွေ့ရတဲ့ဆယ်ရက်တာအတွင်း အလွမ်းပင်လယ်မှာ လက်ပစ်ကူးနေရတာ မေခလာနတ်သမီးမဟုတ်တဲ့ မျက်စိရှေ့ကရွာသားလေးက သူ့ကိုကယ်တင်ရန် အစီအစဉ်မရှိပါ။ သူ့မှာသာ တစ်ယောက်တည်းအလွမ်းဇာတ်ထုတ်ကို ပိုင်ပိုင်နိုင်နိုင်ကနေရသည်။

” ပစ်တိုင်းထောင်ကလည်း အဲလိုမဟုတ်ဘူးလေ “

” ကဲပါဗျာ… အိမ်ပဲအရင်ပြန်ရအောင်… ကျွန်တော့်မှာသာ အစ်ကို့ကိုလွမ်းနေရတာ… အစ်ကိုကတော့ ကျွန်တော်မရှိလေ ကောင်းလေမလား “

” မဟုတ်ပါဘူး… ကျွန်တော်လည်း “

” အင်း “

ပစ်တိုင်းထောင်စကားထောက်ပေးလိုက်တော့ 

” ကျွန်တော်လည်း ပစ်တိုင်းထောင်ကို သတိရပါတယ် “

ဒင်္ဂါးမှန်ရာကိုဆိုလိုက်ခြင်းဖြစ်သည်။ တကယ်လည်း ပစ်တိုင်းထောင်ကို မြို့ပြန်ဖို့တိုက်တွန်းလိုက်ပေမယ့် မထင်မှတ်ပဲ ရက်ပိုကြာနေတော့ မသိစိတ်ကနေ မျှော်တလင့်လင့်ဖြစ်မိသည်။ တယ်လီဖုန်းဆက်ပြီး ပြန်မလာနိုင်သေးကြောင်း ပြောလေတော့ စိတ်နှလုံးသားနွမ်းလျရပါသည်။ 

ဒါကို ချစ်ခြင်းမေတ္တာလို့ ခေါင်းစဉ်တပ်ရင်လည်း ဒင်္ဂါးက ပစ်တိုင်းထောင်ကို မေတ္တာသက်ဝင်ချစ်ခင်လေသည်ပေါ့။ ဒီလိုဆိုပေမယ့်လည်း နှစ်ဦးသားဆုံလေတော့ ချစ်တဲ့စိတ်ကို ဖွင့်ဟဝန်ခံဖို့သာ မရဲသာသည်ကို ပစ်တိုင်းထောင်က ဇွတ်အတင်းကိုမေးလေတော့ ဒင်္ဂါးရဲ့နှလုံးဘဝင်မှာ လေဟပ်သလို တလှပ်လှပ်နဲ့သာဖြစ်ရပါတော့သည်။

>>>>>>>>>>

မနက်ဖြန်ဆို ရုံးဖွင့်ပွဲရှိသည်မို့ ဒီနေ့ညတော့ တစ်ရွာလုံးနီးပါး စည်ကားနေသည်။ ဘာပွဲရှိရှိ တစ်ရွာလုံးအင်တိုက်အားတိုက်ပါဝင်လုပ်ကိုင်ကြသည်က မင်းကန်ရိုးရွာရဲ့ချစ်စရာဓလေ့ပင်။ 

” ကိုသာထင် မယ်ဒလင်ယူလာမယ်ဆို “

သူကြီးခြံရှေ့က မြေကွက်လပ်မှာ ကာလသားတစ်စု မီးပုံဖိုရင်း အဖွဲ့ကျနေသည်။ ကာလသားတွေနဲ့အဖွဲ့ကျနေတဲ့ ညီငယ့်ကိုကြည့်ပြီး ကျော်ကျော်ဟန်နဲ့ခင်ခင်မှာ အံ့ဩရသေးသည်။ ညီငယ့်ကို ဒီလိုလိုက်လျောညီထွေနေတတ်လိမ့်မယ်လို့ သူတို့မမျှော်လင့်ထားရိုးအမှန်ပါ။ 

” ဘမော် မယ်ဒလင်က အသံပိုကောင်းတယ်ဟ… ငါ သူ့ကိုယူလာခိုင်းထားတယ်… ဟော . ဟိုမှာပြောရင်းဆိုရင်းလာပါပြီ “

ကိုသာထင်မေးငေါ့ပြတော့ ခြံအဝင်ဝကို ပစ်တိုင်းထောင်လှည့်ကြည့်လိုက်သည်။ ကိုဘမော်အနောက်က ခြေလှမ်းသိပ်မမှန်ချင်တဲ့သာဗြောကိုတွေ့တော့ ပစ်တိုင်းထောင်ဘေးမှာ ထင်းချိုးနေတဲ့ဖိုးထူးက ငြိမ်ကျသွားသည်။ 

” လာပါပြီဟ… ဒီမှာ သာဗြောက မင်းတို့အတွက် လယ်ကြွက်ကင်နဲ့အခါးရည် ဒကာခံမယ်ဆိုပြီး လုပ်နေလို့ဟေး… ငါ့ကိုရစ်နေလို့ ခေါ်လာလိုက်တာ “

” ဟိုကောင်တွေ မနက်ကျပေါက်ကရလုပ်ရင်း ငါ့ထိပ်တုံးကို မင်းတို့ကိုပြန်မြည်းခိုင်းမယ် “

” ဟာ. သူကြီးကလည်း လူစုံပြီဆိုရင်လုပ်ပြီ “

အိမ်ရှေ့ကွပ်ပျစ်မှာ စကားဝိုင်းတည်နေကျတဲ့သူကြီးဆီက အသံဝါဝါကြီးကထွက်လာတော့ အကုန်လုံးဝိုင်းရယ်ကြသည်။ ကိုကိုကြီးတို့လည်း မပြန်ရသေးသည်မို့ ထိုလူကြီးစကားဝိုင်းမှာ ကိုကိုကြီးတို့လင်မယားရယ်၊ ကိုမင်းမျိုးနဲ့ သူကြီးက ရပ်ရေးရွာရေးပြောနေကြပြီး ရွှေဒင်္ဂါးတို့မောင်နှမက ဘေးမှာထိုင်လို့ ငြိမ်ငြိမ်လေးနားထောင်နေသည်။ 

” ကိုမင်းမျိုး… ကိုမင်းမျိုး “

” အေး . ပစ်တိုင်းထောင်ပြောလေ “

ပစ်တိုင်းထောင်မီးဖိုနားထိုင်နေရာက ကိုမင်းမျိုးအနားတိုးလို့ ခပ်တိုးတိုးခေါ်လိုက်သည်။ 

” ကျွန်တော် နောက်ပိုးပိုးမလို့ . ကိုမင်းမျိုးရော ပါရမီမဖြည့်ချင်ဘူးလား “

” ဟာ. ဖြစ်ပါ့မလား “

ကိုမင်းမျိုးက သူကြီးဘက်ကိုလှည့်လို့ စိုးရွံ့ဟန်ဆိုတော့ 

” ပစ်တိုင်းထောင်ပါဗျာ့… မပိုင်တာ ဘယ်လုပ်ပါ့မလဲ… လာဗျာ “

နယ်အုပ်အသစ်အနေနဲ့ ကျော်မကောင်း၊ ကြားမကောင်းတော့ မဖြစ်တန်ကောင်းပါရဲ့။ 

သူ့ကိုမှ ချစ်မိနေပါတယ်
တွေ့နေမြင်နေကျမို့ 
ဖြေဖျောက်ဖို့လည်းမလွယ်

ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်နိုင်သည့်သီချင်းမို့ မင်းမျိုးစိတ်ထဲ ပစ်တိုင်းထောင်ကို ကြိတ်လေးစားသွားရသည်။ ပစ်တိုင်းထောင်ကတော့ မယ်ဒလင်ကို ဟန်ပါပါတီးလို့ ‘ ကျွန်တော်မပိုင်ဘူးလား ‘ ဆိုတဲ့အထာနဲ့ မျက်စပစ်ပြသည်။ 

မျက်စိထဲတဝဲလည်လည်
သူ့အလှပင့်ကူမြှေးသဖွယ်
ရစ်ပတ်ဖွဲ့နှောင်ထားလို့ 
ရုန်းထွက်ဖို့လည်း ခက်လှတယ်
ကိုယ့်ကိုကွယ် စိုးမိုးနိုင်လွန်းတယ်

ခပ်လှမ်းလှမ်းကနေ မငွေမှုန်ကိုကြည့်မိတော့ ခေါင်းငုံဟန်လွှဲနဲ့ မသိဟန်ဆောင်လေသည်မို့ မင်းမျိုးမှာ တိတ်တခိုးသက်ပြင်းချရပြန်သည်။ 

ချစ်တဲ့စိတ်ကို မြိုသိပ်ကာထားဖန်များ
စိတ်အားကငယ် ဖော်ရွေအပြုံးနဲ့
ချစ်စရာကောင်းတဲ့ချစ်သူရယ်
မောင်ချစ်တဲ့အကြောင်းတွေ ပြောတဲ့အခါမယ်
ငြိုငြင်စိတ်ထားနဲ့ မျက်နှာလှလှ
အပြုံးပျက်မှာစိုးလို့ရယ် 
ကျေးမစေ စာခွေမပို့ပဲ
လမင်းကတစ်ဆင့် 
ချစ်တဲ့အကြောင်းကိုပြောပါမယ် 

ပစ်တိုင်းထောင်နဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ရွှေဒင်္ဂါးလေးကတော့ မျက်ဆံလေးတောင်လှည့်မြောက်လှည့်နဲ့ အစ်မငွေမှုန်နည်းတူ အရှက်ပိုနေသည်။ ပစ်တိုင်းထောင်ရည်ရွယ်ချက်ကိုသိတဲ့ ကာလသားတစ်စုကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ မျက်လုံးချင်းစကားပြောနေကြသည်။ 

ချစ်ခြင်းရည်တူ ကြည်ဖြူပါတယ်ဆိုရင်အချစ်ရယ် 
ဖိုးရွှေလမင်းကို ပြုံးရုံလေးပြုံးပြလိုက်ပါကွယ်

အဖြေပေးသည်မဆိုသော်ငြား ခပ်ပြုံးပြုံးဖြစ်သွားတဲ့ရွှေဒင်္ဂါးမျက်နှာလေးကြောင့် ပစ်တိုင်းထောင် နှလုံးအိမ်ထဲမယ် လမင်းထိန်ထိန်သာတော့သည်။

အောင်သွယ်တော် ဖိုးရွှေလမင်းရယ် 
တိမ်ထဲကိုဝင်ကာမပြေးနဲ့ တောင်းပန်ချင်တယ်

မင်းမျိုးမှာတော့ အကြည့်ချင်းဆုံသခိုက် မငွေမှုန်ထံမှ အချစ်ရိပ်ကိုဖွေရှာရပြန်တော့သည်။

ချစ်သူ့ချစ်စကား ပြုံးရိပ်လေးများ လမင်းမှာရှိမယ်
တွေးရင်းဖွေရှာ မောရပါတယ်အချစ်ရယ်
ဒီတစ်ခါ လမင်းတွေ့ရင် ပြုံးဖြစ်အောင်ပြုံးပြလိုက်နော်ကွယ် 

ထိုညက လကွယ်ရက်ဆိုပေမယ့် ပစ်တိုင်းထောင်ရင်ထဲမှာတော့ လမင်းဝင်းပတဲ့ညချမ်းအချိန်အခါလေးဖြစ်နေခဲ့ပါတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၈-၉-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၈), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၈), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၈) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၈) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၈) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၈) light novel, ,

Comment

Leave a Reply

Chapter 55